Intermittent fasting လုပ်သင့်၊ မလုပ်သင့်
ကျန်းမာရေး လိုက်စားတဲ့သူ၊ အလှအပကို စိတ်ဝင်စားတဲ့သူတွေကြားမှာ Intermittent Fasting ဆိုတဲ့ စကားလုံးလေး ခေတ်စားလာပါတယ်။ Intermittent Fasting ဆိုတာ (ဥပုဘ်စောင့်ရင် နေ့လွဲညစာမစားသလိုမျိုး) အစာစားချိန်နဲ့ အစာမစားဘဲနေချိန် သတ်မှတ်ပြီး စားသောက်တာကို ခေါ်တာပါ။
အများအားဖြင့် ကိုယ်အလေးချိန်ကျအောင်၊ ဝမလာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ကြတာ ဖြစ်ပြီး တချို့ကတော့ ရောဂါတွေ ပျောက်ကင်းသက်သာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်ကြပါတယ်။
Intermittent Fasting မှာ ဘာစားသင့်တယ်၊ ဘာမစားသင့်ဘူး ဆိုတာမျိုး မရှိဘဲ စားရမဲ့အချိန်နဲ့ မစားရမဲ့အချိန် သတ်မှတ်ချက်သာ ရှိပါတယ်။ အများအားဖြင့် လုပ်ကြတာက 26/8 Plan ဖြစ်ပြီး တစ်နေ့မှာ ၂၄ နာရီရှိတဲ့ထဲက ၈ နာရီအချိန်အပိုင်းအခြားအတွင်းသာ အစာစားပြီး ကျန်တဲ့ ၁၆ နာရီမှာ ရေကလွဲပြီး ဘာမှမစားတာ ဖြစ်ပါတယ်။
နောက်ထပ် အလုပ်များတဲ့ Intermittent Fasting က 5:2 Method ပါ။ တစ်ပတ်မှာ ၅ ရက်ကို ပုံမှန်စားပြီး ကျန်တဲ့ ၂ ရက်မှာ တစ်ရက်ကို ကယ်လိုရီ ၅၀၀-၆၀၀ ခန့်သာ ပါဝင်တဲ့ အစာတစ်နပ်စီသာ စားတဲ့ အစီအစဥ် ဖြစ်ပါတယ်။ ၂၄ နာရီ၊ ၃၆ နာရီ၊ ၄၈ နာရီနဲ့ ၇၂ နာရီထိ အစာမစားဘဲ Intermittent Fasting လုပ်ကြတာမျိုး ရှိပေမယ့် အဲဒီလိုလုပ်တာက ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။
Intermittent Fasting လုပ်သင့်သလား?
နေ့စဥ် အစာ ၃ နပ်နဲ့ သွားရည်စာတွေ တစွပ်စွပ်စားပြီး လှုပ်ရှားမှု မရှိတဲ့အခါ ကယ်လိုရီတွေ မလောင်ကျွမ်းတော့ဘဲ အဆီတွေစုပုံကာ နှလုံး၊ သွေးတိုး၊ ဆီးချိုအပါအဝင် ရောဂါတွေ ရနိုင်သလို လေးလံထိုင်းမှိုင်းပြီး လန်းဆန်းမှု မရှိဘဲ ဖြစ်တတ်ပါတယ်။ Intermittent Fasting လုပ်တဲ့အခါ အစာမစားဘဲ နေတဲ့အချိန်မှာ ကယ်လိုရီတွေ လောင်ကျွမ်းစေတဲ့အတွက် ခန္ဓာကိုယ်က အဆီပိုတွေ ကျစေပါတယ်။
သုတေသနတွေအရ Intermittent Fasting ရဲ့ နောက်ထပ်ကောင်းကျိုးတွေက…
- အင်ဆူလင်ခုခံမှု လျော့နည်းစေပြီး သွေးတွင်းသကြားဓာတ်ကို ကျစေတာ
- ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေ လျော့ကျစေတာ
- ဆဲလ်တွေကို ပြုပြင်ပေးတာ
- ဟော်မုန်းတွေကို ညီမျှစေတာ
- နှလုံးကျန်းမာရေးကို ကောင်းစေတာ
- သွေးဖိအားကို ကျစေတာ
- ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတာ
- ဦးနှောက်ရဲ့ လုပ်ငန်းတွေ ကောင်းစေပြီး အယ်လ်ဇိုင်းမားသတိမေ့ရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်တာ
- အသက်ရှည်စေတာတွေပဲ ဖြစ်ပါတယ်။
ဘယ်လိုလူတွေက Intermittent Fasting မလုပ်သင့်ဘူးလဲ?
- ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ
- အသက် ၁၈ နှစ်အောက် ကလေးနဲ့ ဆယ်ကျော်သက်တွေ
- အင်ဆူလင်ထိုးဆေးထိုးနေရတဲ့ အမျိုးအစား ၁ ဆီးချို ရောဂါရှင်တွေ
- Anorexia Narvosa လို အစာမစားချင်တဲ့ ရောဂါရနေသူတွေကတော့Intermittent Fasting လုပ်ဖို့ မသင့်တော်ပါဘူး။
ကိုယ့်စိတ်ကိုကိုယ် ထိန်းချုပ်နိုင်မယ်၊ ဆာလောင်တာကိုလည်း ခံနိုင်ရည်ရှိမယ်ဆိုရင် Intermittent Fasting က အကျိုးများပြီး လုပ်သင့်တဲ့အရာပါ။ ဆာလောင်တာကလည်း နောက်ပိုင်းမှာ နေသားကျသွားနိုင်ပါတယ်။ ဒါကြောင့် ကုသိုလ်ရအောင် ဥပုဘ်စောင့်ပြီးတော့ ဖြစ်ဖြစ်၊ ဝိတ်ကျပြီး လှချင်လို့ဖြစ်ဖြစ် Intermittent Fasting လုပ်ခြင်းဖြင့် ကျန်းမာနိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်